အရိပ်မဲ့ပန်း

Posted on 23.4.09 by ChawEiMahn



ဒီကနေ့တော့ တရားခံကို ကျွန်မတွေ့ရှိသွား
ပါပြီ......အမှန်အတိုင်းပြောရရင် တရားခံ
တော့မဟုတ်ပါဘူး....
ကျွန်မစောင့်ကြည့်ပြီး သိချင်နေတဲ့ တစ်စုံ
တစ်ဦးမို့ တရားခံလို့ရည်ညွှန်းလိုက်တာပါ။

သူက ငှက်သိုက်လိုရှုပ်ပွပြီး ဆေးမဆိုးဘဲ
နီကြောင်နေသော ဆံပင်ခပ်ကြမ်းကြမ်း
ခပ်ညစ်ညစ်အဖြူရောင်ပေါ် အစွန်းအထင်း
ပရပွနဲ့လည်ပင်းပေါက်ကျယ်စပို့ရှပ်ခပ်ပြဲပြဲအောက်အနားများဖွာလန်စုတ်ပြတ်ကြိုး
အမျှင်လိုက်ထွက်ပြီး အရောင်အဆင်းမရှိ မှုံမှိုင်းမှိုင်းဂျင်းဘောင်းဘီတစ်ထည်
ရာဘာဖိနပ်တစ်ဖက်မှာ သံကြိုးချိတ်ဆက်ပြီး လမ်းများစွာကို လျှောက်နေသူ
သူ့ကြည့်ရတာ ပလတ်စတစ်ကောက်သူ၊ စိတ်မနှံ့သူ လို့ ထင်ရပေမယ့်
အမှန်တကယ်မဖြစ်နိုင်ဘူးလို့တွေးမိတယ်။

သူက ခပ်သွက်သွက်မဲညစ်ညစ်လက်ချောင်းတွေနဲ့ ကြွတ်ကြွတ်အိတ်ထုပ်ကို ဆွဲယူလိုက်တယ်...
သူ့ပုံစံကဘေးဝဲယာဝန်းကျင်ကိုဂရုထားဟန်မပြု။သူလုပ်စရာရှိတာကိုလုပ်နေသလိုပင်...
ကြွတ်ကြွတ်အိတ်ထဲကို တချက်ကြည့်ရင်း လမ်းအတိုင်းအနောက်ဖက်ဆီလျှောက်သွား
တယ်။

[ အပြည့်အစုံသို့ +/- ]




မန္တလေးရဲ့ထုံးစံတော်တော်များများမှာ အိမ်ကစားကြွင်းစားကျန်အပိုများကို သွန်မပစ်ဘဲ အိမ်ရှေ့မှာချိတ်ထားလေ့ရှိကြတယ် ကျွန်မအမြဲချိတ်ထားတဲ့ ကြွတ်ကြွတ်အိတ်အထုပ်လေးဟာသိပ်မကြာခင်အပင်မှာမတွေ့ရတာများတယ်...နေ့တိုင်းဘယ်သူများယူတာလဲလို့ စိတ်ဝင်စားစရာ ကိစ္စတစ်ခု မဟုတ်တာကိုစိတ်ဝင်စားနေမိတယ်။အမှန်တော့ ဒါတွေကို ဖြစ်ရိုးဖြစ်စဉ် အိမ်ရှေ့ဖြတ်သွားဖြတ်လာ သူတောင်းစားတွေဘဲ ယူမှာပေါ့...ဒါကိုဘာကြောင့် တွေးစရာမဟုတ်တွေးပြီး စောင့်ကြည့်နေမိလဲဆိုတာ ကိုယ်တိုင်လည်းမသိတော့ဘူး...

ဒီနေ့တွေ့လိုက်ရတဲ့အသက်နှစ်ဆယ်ဝန်းကျင်ပေစုတ်စုတ်ကောင်လေးတစ်ယောက်ပါ...
သူကအဲဒီအထုပ်တွေကို အမြဲတမ်းလာစောင့်ယူပုံရတယ်။

ထမင်းကျန်၊ ဟင်းကျန် အထုပ်တွေကို သူယူတာလို့ သိသွားပြီးတဲ့အချိန်ကစပြီး ဒီကိစ္စကိုခေါင်းထဲကပျောက်သွားပြီး နောက်ရက်တွေမှာ စောင့်မကြည့်ဖြစ်တော့ဘူး.. တစ်နေ့တော့ ကျွန်မရဲ့စာအုပ်သေတ္တာကြီးရှင်းပြီး အဟောင်း၊ အသစ်နဲ့ ရောင်းမယ့်စာအုပ်ခွဲနေတုန်း သူ့ကို အိမ်ရှေ့မှာရစ်သီရစ်သီလုပ်နေတာကို တွေ့ရတယ်။အိမ်ရှေ့တမာကိုင်းမှာ ဘာအထုပ်မှချိတ်မထားဘူး...နေ့တိုင်းရနေကျဆိုတော့တောင်းမလားလို့များထင်မိတယ်...ဒါနဲ့ကျွန်မ ပိုက်ဆံ၁၀၀ကိုယူပြီး သူ့ကိုပေးလိုက်တယ်...သူကကျွန်မကို ခေါင်းခါပြတယ်...ကျွန်မရဲ့ပြန့်ကျဲနေတဲ့ စာအုပ်ပုံကြီးကို လက်ညှိုးနဲ့ထိုးပြပြီး စာအုပ်ဖွင့်တဲ့ပုံလုပ်ပြီး သူ့ရင်ဘတ်ကိုသူပုတ်ပြတယ်။

သူစာအုပ်ဖတ်ချင်တယ်ပေါ့......အံ့သြစွာပဲ သူကစကားမပြောတတ်ဘဲကိုး။
စာအုပ်ဖတ်ချင်တာလားဆိုတော့ သူက ခပ်သွက်သွက်ခေါင်းငြိမ့်တယ်..

ကျွန်မအိမ်ဝင်းထဲကိုခေါ်လိုက်ပြီး ခွဲထားတဲ့စာအုပ်ထဲကနေ ကြိုက်တာဖတ်လို့
ပြောလိုက်တယ်။ သူကဝမ်းသာသွားပြီး ရာဘာဖိနပ်ကိုချွတ်ဖင်ခုထိုင်တယ်၊
ကာတွန်းစာအုပ်တစ်အုပ်ကို ဆွဲယူကြည့်တယ်။

ကျောင်းနေဖူးလားဆိုတော့ သူက ခေါင်းငြိမ့်ရင်း လက်ငါးချောင်းထောင်ပြတယ်။

ငါးတန်းအထိနေဖူးတယ်...ဟုတ်ရဲ့လားလို့ စိတ်ထဲထင်မိတယ်..စကားမတတ်သူက ဘယ်လိုကျောင်းနေမှာလဲ။ ကာတွန်းတွေကို စိတ်ဝင်တစားနဲ့ ကြည့်နေတဲ့ သူ့ပုံကလည်း ဟုတ်နေသလိုလို...သဘောကျရင် အသံထွက်ပြီးတော့တောင် ရယ်လိုက်သေးတယ်။ မဂ္ဂဇင်းအဟောင်းတွေကိုလည်း စာလုံးများပေါင်းဖတ်နေသလား အောက်မေ့ရတယ်..ဘာပဲဖြစ်ဖြစ် သူ့အခြေအနေနဲ့ စာဖတ်ဝါသနာပါနေတာကိုဝမ်းသာမိသေးတယ်...သူဖတ်နေတဲ့ မဂ္ဂဇင်းစာအုပ်နဲ့ ကာတွန်းတစ်အုပ်ကိုပေးလိုက်တယ်...မဟုတ်ရင်သူက ဒီမှာတစ်ထိုင်တည်း အပြီးဖတ်တော့မယ့်ပုံ..တစ်အုပ်ပြီးတစ်အုပ်ကြည့်နေတော့။ သူက စာအုပ်နှစ်အုပ်ကို ရင်ဘတ်မှာပိုက်ပြီး ခေါင်းငြိမ့်အလေးပြုတယ် ကျေးဇူးတင်တယ်ပေါ့...

ဖင်ခုထိုင်ထားတဲ့ ရာဘာဖိနပ်စုတ်ကို ပြန်စွတ်ရင်း ဂျီးအပြည့်နဲ့ခြေထောက်တစ်စုံက သွက်လက်နေတယ်...
မင်းဘယ်မှာနေတာလဲလို့ ကျွန်မလှမ်းအမေးမှာ သူက လက်နှစ်ဖက်ကို ပါးစပ်မှာကပ်ရင်း ဝူး ဝူး ဆိုပြီးအသံလုပ်ပြတယ်...ဘာလဲဆိုတာ တွေးမရဘူး။
နောက်တော့ လက်နဲ့ မီးရထားပုံစံလုပ်ပြပြီး တဝူးဝူးအော်မှ သိသွားတယ်...။
သူဆိုလိုချင်တာ ဘူတာရုံဖြစ်ပါလိမ့်မယ်...
ဘူတာရုံကိုပြောတာလားဆိုတော့ ခေါင်းသွက်သွက်ငြိမ့်တယ်..
ကောင်လေးက အနောက်ဖက်ဆီ အပြေးတပိုင်းနဲ့ ထွက်သွားတယ်...
မထင်မှတ်ဘဲနဲ့ ဒီကောင်လေးဟာ ကျွန်မစိတ်ထဲ ပြန်ဝင်ရောက်လာခဲ့တယ်။

စာအုပ်ယူသွားတဲ့ နေ့ကစပြီး သုံးလေးရက်မတွေ့ရဘူး...အိမ်ရှေ့ကအထုပ်ကိုလည်း အခြားသူတွေယူသွားကြတယ်...တစ်နေ့တော့ သူတမာကိုင်းမှာ အထုပ်ဖြုတ်ယူနေတုန်း ကျွန်မကိုဝင်းတံခါးမှာတွေ့တော့ သူကပြုံးပြတယ်...မင်းဘယ်ပျောက်နေတာလဲလို့ ကျွန်မအမေး ကို သူကခေါင်းတွင်တွင်ခါပြီး ကိုယ်ပူစမ်းပြီးလက်ခါပြတယ်...အော်...နေမကောင်းဖြစ်နေတာကိုး။ ဒါ့ကြောင့် သူ့ကြည့်ရတာပိုမှိုင်နေသလိုပဲ။ သူက လူကြီးပုံစံ ကြီးစဉ်ငယ်လိုက်လုပ်ပြပြီး လက်သုံးချောင်းထောင်ပြတယ်...အော်မင်းအောက်သုံးယောက်ရှိသေးတယ် ဟုတ်လား ဆိုတော့ သူကခေါင်းငြိမ့်တယ်။

အဲဒီနေ့က သနားတာနဲ့ အိမ်ကထမင်းနဲ့ဟင်း နည်းနည်းပိုထပ်ထည့်ပေးလိုက်တယ်....
ကျွန်မတို့အတွက် ဒီဟင်းတွေထမင်းတွေက လျော့နည်းသွားလို့ ဘာမျှမဖြစ်နိုင်ပေမယ့်
သူတို့အတွက်သေရေးရှင်ရေးတမျှ အရေးကြီးနေနိုင်တယ်လေ။

အိမ်ရှေ့အိမ်က အန်တီကြီးက ကျွန်မကို ဘယ်သူနဲ့စကားပြောနေတာလဲတဲ့... ကျွန်မကိုတော့ စံပါဘဲလို့ပြောသွားသေးတယ်...ပြောမှာပေါ့သူတို့က ဒါမျိုးတွေနဲ့ဆို စကားပြောဖို့နေနေသာသာ အိမ်ရိပ်တောင် အနင်းခံမှာမဟုတ်ဘူး လူ့စိတ်တွေဆိုတာ အမျိုးမျိုးပါပဲ။

သိပ်မကြာခင်က ကျွန်မအိမ်မှာ အမြဲအမှိုက်သွန်နေကျဖြစ်တဲ့ မျက်စိတစ်ဖက်လပ်နဲ့ လူကြီးကို ပိုက်ဆံပေးပြီး အိမ်ထဲကသစ်ပင်တွေခုတ်ပြီးအမှိုက်ရှင်းခိုင်းတယ်....အဲဒီလူက စာဖတ်လဲဝါသနာပါတယ်၊ ကျွန်မပရိသတ်လဲဖြစ်နေတာမို့ ကျွန်မစာအုပ်တောင်ဒါနပြုလိုက်သေးတယ်... သူက အခုဘယ်မှာ အလှူလုပ်နေကြောင်း၊ သူ့အမျိုးတွေမီးထဲပါသွားကြောင်းပြောလို့ကျွန်မရဲ့ အဝတ်အစားတွေကို ကုသိုလ်ပြုလိုက်ပါသေးရဲ့....

ဒါပေမယ့် သူပြန်သွားတော့ အိမ်ကမီးကြိုးခွေကြီးအဆစ်ပါသွားလို့ ဒေါသတွေမျိုသိပ်လိုက်ရတယ်...စေတနာကိုတန်းဖိုးမထားတဲ့သူတွေ အတွက်လည်း တစ်ကြိမ်တစ်ခါဘဲ အခွင့်အရေးရနိုင်တယ်....နောက်တော့ အဲဒီလူက အိမ်ရှေ့အမှိုက်သိမ်းဖြတ်သွားဖြတ်လာတောင် လုံးဝမတွေ့ရတော့ဘူး...

ဒီကောင်လေးကြည့်ရတာ စုတ်ပြတ်နေလို့သာ သနားစရာဆင်းရဲနုံချာလို့ လူရာမဝင်တဲ့ကြားထဲ စကားမပြောတတ်တော့ပိုဆိုးနေတယ်... ကျွန်မကူညီပေးနိုင်တာလောက်ကိုတော့ ကူညီမယ်လို့စိတ်ကူးမိတယ်။ သူဖတ်ချင်တဲ့စာမျိုးတွေကို ငှားပေးတာတို့ပေါ့။ ကျွန်မဆီမှာ စာအုပ်တွေအများကြီး၊ နောက်ရက်တွေမှာ ကျွန်မအပြင်သွားတာများတာနဲ့ ကောင်လေးကိုမတွေ့ပြန်ဘူး....

ဒီကြားထဲမှာ ရန်ကုန်သွားဖို့ဖြစ်လာတယ်....ဘူတာရောက်သွားတော့ ဒီတစ်ခါရထားက ဘာဖြစ်လို့လဲမသိဘူး ပထမစင်္ကြန်မဟုတ်ဘဲ
တိယစင်္ကြန်ကိုခဏရပ်ထားတယ်ဆိုလို့ အိတ်တွေနဲ့ တတိယစင်္ကြန်ဘက်ရောက်လာတယ်...တွဲတွေပြန်ချိန်းမှာတဲ့။ ဘာရယ်မဟုတ် ဘူတာရောက်တော့ ဟိုကောင်လေးကိုဖျတ်ကနဲ သတိရသွားတယ်၊ ပလက်ဖောင်းပေါ်မှာ လှဲအိပ်နေလိုက်ကြတာ မိသားစုလိုက်တွေ အများကြီးပဲ.......လေနဲ့ပါလာတဲ့ သူတို့အနံ့တွေက သူတို့တွေအတွက် ယဉ်ပါးကုန်ပြီထင်ပါရဲ့....။

လွင့်လာလိုက်တဲ့ ကြွတ်ကြွတ်အိတ်ပျံတွေကို ဖိနပ်မပါတဲ့ကလေးတသိုက်လိုက်ဖမ်းဆော့ကစားနေကြတယ်....ရပ်ထားတဲ့ရထားတွဲတွေ
ပေါ်ကို ဟိုဘက်ကကွေ့ကျော်တက်၊ ဒီဘက်ကဆင်း၊ တွဲချိန်းရထားတွေပေါ်မှာ တွဲလောင်းခိုလိုက်ပါသွားကြတဲ့အထဲမှာ ဂါဝန်နဲ့ကလေးမ
တွေပါ ပါတယ်။ ယောက်ျားလေးတွေကလဲ အတော့်ကိုဆော့ကြတယ်....သူတို့လက်ထဲ မီးခြစ်ကအလွယ်တကူပါနေတော့ တစ်ယောက်နဲ့
တစ်ယောက်လိုက်ရှို့တယ်...ကျွန်မက ကြည့်ရင်း ရထားပေါ်ကနေ မျက်လုံးပြူးသွားတယ်....ပုဆိုးစမှာမီးတောက်ပြီး ပူလာမှ အဲဒီကောင်
လေးက အော်ပြီး လိုက်ရှို့တဲ့ကောင်လေးကို လိုက်ထုတယ်...အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုတာ ဒါမျိုးနေမှာ....သူတို့ပတ်ဝန်းကျင်မှာ ဂရုမစိုက် ထိန်းကျောင်းစောင့်ရှောက်ပေးမယ့်သူမရှိ၊ ကလေးတွေလုပ်ချင်တိုင်းကို လုပ်နေကြတော့တာဘဲ...သူတို့အနီးမှာ မိန်းမကြီး တစ်ယောက် ရင်ခွင်ထဲမှာ ကလေးပုစိကွေးကိုကျောပေးပြီးနို့တိုက်နေတယ်....သူ့အနားမှာလဲ အထုပ်အပိုးတွေ ပလုံစီလို့။

ရထားမထွက်နိုင်သေးခင်အချိန်မှာ မျက်လုံးထဲဝင်ရောက်လာတဲ့ အရာတွေကို ကြည့်နေမြင်နေရတာ စိတ်မသက်သာချင်စရာ၊ အိတ်ထဲ
ကနေ စာအုပ်ထုတ်ဖတ်မယ်လုပ်တုန်း ပလက်ဖောင်းလှေကားထက်ဆီကနေ အထုပ်လေးတရမ်းရမ်းနဲ့ ဘူတာထဲဝင်လာတာ ဟိုကောင်လေး။ ကောင်လေးကနီးသထက်နီးလာတယ်...သူ့လက်ထဲမှာ ကြွတ်ကြွတ်အိတ်ရောင်စုံ သုံးထုပ်ပါတယ်....

ဟော ကောင်လေးက ခုနကနို့တိုက်နေတဲ့ မိန်းမကြီးနားသွားတယ်...
ဆော့နေတဲ့ ကလေးသုံးယောက်ကို လက်လှမ်းပြခေါ်တယ်...သူပြောတဲ့ သူ့အောက်က အငယ်လေးသုံးယောက်ဆိုတာ ထင်တယ်...ကလေးသုံးယောက် ခုန်ပေါက်ပြီး သူ့အနားရောက်သွားတယ်...သူ့ကြွတ်ကြွတ်အိတ်ထဲက ထမင်းဟင်းတွေကို ဒန်ဂျိုင့်ထဲထည့်တယ်..
ဝယ်လာခဲ့ပုံတော့မရဘူး...ကလေးသုံးယောက်ကို သူကတလှည့်စီကျွေးတယ်...မိန်းမကြီးက နည်းနည်းနှိုက်စားတယ်...သူက ကလေးတွေကိုကျွေးပြီး ဒန်ဂျိုင့်တွေကို ပြန်ဆင့်တယ်။ ခဏနေတော့ အထုပ်တွေကိုခေါင်းမီပြီး စာအုပ်တစ်အုပ်ကိုဖတ်နေတယ်...အဲဒီ စာအုပ်က ကျွန်မပေးလိုက်တဲ့စာအုပ်လေး.......

ဒီမြင်ကွင်းဟာ ကျွန်မကို တော်တော်စိတ်မကောင်းသွားစေဘူး၊ အောက်ခြေလူတန်းစားအစစ်တွေလို့ပြောလို့ရတယ်...ဒီမိသားစုကို နေ့တိုင်းဒီလိုနည်းနဲ့ ရှာကျွေးနေတဲ့ပုံပေါ်တယ်...ဒီကြားထဲ အခွင့်အရေးတန်းတူမရနိုင်တဲ့အပြင် သူ့မှာစကားကမပြောတတ်ပြန်ဘူး...ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မငတ်အောင်ရှာဖွေကျွေးနေတဲ့ သူ့စိတ်ဓာတ်ကလေးကတော့ လေးစားစရာပေါ့....

သက်ပြင်းမောကိုချရင်း ရထားထွက်သွားတဲ့ချိန်အထိ စာမဖတ်နိုင်ဘဲကြည့်နေမိတယ်....သူကတော့ ပလက်ဖောင်းပေါ်မှာ ခေါင်းတင်အိပ် ပျော်နေပြီ..စာအုပ်လေးကိုတော့ ရင်ခွင်ကြားမှာပိုက်ထားတယ်....ကလေးသုံးယောက်က ကြွတ်ကြွတ်အိတ်သုံးအိတ်ကို ပူစီပေါင်းနေရာ အစားထိုးရင်း မြှောက်လိုက်၊ လိုက်ဖမ်းလိုက် လုပ်နေကြတယ်....မိန်းမကြီးကတော့ ကလေးကို ရင်ခွင်ထဲထည့်သိပ်ရင်း ခုနက ကလေးတွေစားကျန်ပုံရတဲ့ ထမင်းခဲတစ်ခဲကိုပါးစပ်ထဲကောက်ထည့်လိုက်တယ်...

အနောက်ဖက်ဆီက ကလေးငါးယောက်လောက် အော်ဟစ်ပြေးလာကြပြီး ဟိုကလေးသုံးယောက်နဲ့အတူ ကြွတ်ကြွတ်အိတ်ကိုဝိုင်းဖမ်းပြီး မိတော့လက်တွေများတာကြောင့် စုတ်ပြဲသွားကြတယ်....ဒါကိုဘဲ သူတို့လေးတွေက သဘောကျတယ်...သူတို့တွေကို ဖန်တီးပေးမယ့် အနာဂတ်အကြောင်းကိုတော့ ကြောက်ရွံ့စွာဆက်မတွေးဖြစ်တော့ဘူး....ကလေးတွေရဲ့အသံတွေက လှိုဏ်သံနဲ့တူနေပြီး ဆူညံနေတယ်..

ကျွန်မမျက်လုံးထဲက မြင်ကွင်းက ရထားထွက်သွားတော့ တဖြည်းဖြည်းနဲ့ဝေးပြီးကျန်ရစ်ခဲ့တယ်....ဒါပေမယ့် အရိပ်မဲ့ပန်းလေးတွေရဲ့ဘဝ ကို ဆက်တွေးနေမိတယ်....နောက်နေ့ကျွန်မအိမ်ရှေ့ တမာကိုင်းက လာဖြုတ်ယူမယ့် ကြွတ်ကြွတ်အိတ်ထုပ်လေးတွေဟာ ဒီမိသားစုနဲ့ ဒီကလေးတွေအတွက်တဲ့လား.........။



ချောအိမာန်(မန္တလေး)
၂၀၀၈ခုနှစ်၊ သြဂုတ်လ ၃ ရက်


1 comments:

အိမ် says:

ရင်ထဲရောက်တယ်ဗျာ။ ဒီလိုလူမျိုးရဲ့ စိတ်ဓာတ်ကိုတော့ အရမ်းလေးစားတယ်။ စကား
မပြောတတ်၊ အိမ်ခြေယာမဲ့၊ အလုပ်အကိုင်မရှိတာတောင် မိသားစုအတွက်
တ၀မ်းတခါး ရှာကျွေးနိုင်တာဟာ တကယ်ကို
လေးစားစရာပါ။ ဘ၀ကို အရှုံးမပေးဘူးဆိုတဲ့
စိတ်ဓာတ်ကိုကြိုက်တယ်။
ဘာပဲဖြစ်ဖြစ် မိစုံဖစုံနဲ့ ပညာတ၀က်တပြတ်၊
ဂလေရိုက်နေတဲ့ သူတွေထက်စာရင် ဒီလူဟာ
အနေစုတ်ပေမဲ့ ရွှေထုပ်တဲ့ မြပ၀ါလို့ ထင်တာပဲ။
အရေးအသားလေးလဲ အရမ်းသဘောကျတယ်
ဗျာ